၁၄၅/၅၀၅ ထောင်မှတ်စု
Burma Podcast Network
0
ဤပေါ့ဒ်ကတ်စ်သည် ထောင်အတွေ့အကြုံများကို ဖလက်ရှ်ဖစ်ရှင်ပုံစံဖြင့် တင်ဆက်ထားပြီး စာရေးသူ၏ အတ္တနောမတိ အာရုံခံစားမှုများကို အလေးပေးဖော်ပြသည်။ ထောင်အတွေ့အကြုံ၏ ဆိုးရွားမှုထက် စာဖတ်သူများအား ရသအတွေ့အကြုံပေးရန် ရည်ရွယ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ထင်ဟပ်စေသော အရေးအသားများ ပါဝင်သည်။
エピソード
-
EP005: ကိုယ်ပိုင်တိုက်ခန်း 11.07.2026 13分ထောင်မှတ်စု အပိုင်း (၅) လာပါပြီ။ ဒီအပိုင်းမှာတော့ ထောင်တွင်းဘဝအကြပ်တည်းကြီးထဲက တိုက်ပိတ်ခံရတဲ့အကြောင်းကို နားဆင်ကြရမှာဖြစ်ပါတယ်။ တိုက်ပိတ်ခံရတယ်ဆိုတာ ထောင်ထဲမှာ ထောင်ထပ်ကျတာမျိုးဖြစ်တဲ့အခါ ရုပ်သာမက စိတ်အဇ္ဈတ္တကိုပါ အထပ်ထပ်ပိတ်လှောင်ခံရပါတယ်။ မတရားအကျဉ်းခံ နိုင်ငံရေးအကျဉ်းသားဖြစ်တဲ့အခါ ပိုပြီးခံစားရခက်ခဲလှပါတယ်။ ဒီအခြေအနေကို သူ့ထုံးစံအတိုင်း ဘယ်လိုဖြတ်သန်းမလဲ၊ တိုက်ထဲမှာ ဘာတွေအခြောက်လှန့်ခံရမလဲဆိုတာ ကိုမင်းခေါင် အသံကောင်းကောင်းနဲ့ ပြောပြထားတာကို အရသာခံကြဦးစို့။ဇာတ်ညွှန်း - MYPဇာတ်ကြောင်းပြော - မင်းခေါင်Illustration by WoohProduced by Burma Podcast NetworkBurma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork -
EP004: မကောင်းဆိုးဝါးများနဲ့အတူ 23.05.2026 15分လောကကြီးမှာ အပနှင်လို့မရနိုင်တဲ့ မကောင်းဆိုးဝါးတွေ အများကြီးရှိတယ်။ မကောင်းဆိုးဝါးဆိုတာ နဖူးမှာစာကပ်ထားတာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်တောင် မကောင်းဆိုးဝါးဖြစ်မှန်းမသိ ဖြစ်သွားတဲ့ အခိုက်တန့်တွေလည်း ဘဝမှာကြုံရနိုင်တယ်။ ကိုယ်ကိုယ်တိုင် မကောင်းဆိုးဝါးဖြစ်နေတာကို လုံးဝမသိတဲ့၊ သိရက်နဲ့ ကြိုက်တဲ့ မကောင်းဆိုးဝါးစစ်စစ်တွေကတော့ လောကကြီးမှာ ပေါသောနေပါသေးတယ်။ ဒီလိုအကြောင်းမျိုးစုံရှိတဲ့ မကောင်းဆိုးဝါးတွေအများစုကို ထောင်ထဲမှာတွေ့ရလေ့ရှိတယ်။မြန်မာပြည်မှာ ထောင်ဇာတ်လမ်းအများကြီးရှိတယ်။ ခေတ်အလိုက်ပုံစံအထွေထွေ၊ ဇာတ်ကောင်အထွေထွေနဲ့ ရှိနေတာပေါ့။ ဒီဇာတ်ကောင်ပေါင်းများစွာ၊ ဇာတ်လမ်းပေါင်းများစွာထဲမှာမှ စာရေးသူကိုယ်တိုင်ကြုံခဲ့ရတဲ့ မကောင်းဆိုးဝါး ဇာတ်ကောင်တွေကို အတွေးနက်နက်၊ အရေးအသားနက်နက်နဲ့ ဒီအပိုင်းမှာ နားဆင်ကြရမှာဖြစ်ပါတယ်။ အာဏာသိမ်းစကာလက ထောင်တွင်းအတွေ့အကြုံတွေဖြစ်တာမို့ မသိမ်းမီ ခေတ်ကောင်းတုန်းက ထောင်ကျခဲ့ကြတဲ့ ရာဇဝတ်သားတွေအကြောင်းကိုလည်း ကြားသိကြရမှာပါ။ မျက်နှာပေါင်းများစွာ၊ အပြုမူပေါင်းများစွာ လူ့လောကမှာရှိတဲ့အခါ ကိုယ်ကရော ဘယ်လိုမျက်နှာနဲ့လူလဲဆိုတာကို ဒီအပိုင်းလေးကနေ အတွေးပွားနိုင်ကြမှာဖြစ်ပါတယ်။ဇာတ်ညွှန်း - MYPဇာတ်ကြောင်းပြော - မင်းခေါင်Illustration by WoohProduced by Burma Podcast NetworkBurma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork -
EP003: ထောင်တွင်းမျက်တောင်တုတိုက်ပွဲ 21.03.2026 13分မြန်မာနိုင်ငံမှာ စနစ်ဆိုးတွေကြောင့် နိုင်ငံရေးအကျဉ်းကျ ထောင်ဇာတ်လမ်းတွေဟာ ခေတ်အဆက်ဆက် မပြီးမစီးနိုင်ရှိနေတယ်။ စာအုပ်စာပေ၊ အသံစာအုပ်၊ ဇာတ်ကား၊ မှတ်တမ်းရုပ်ရှင် စသဖြင့် နယ်ပယ်စုံကလည်း နည်းအမျိုးမျိုးနဲ့ မှတ်တမ်းပြုကြတယ်။ ထောင်ဆိုတာ အပြစ်ကြွေးဆပ်ရာနေရာ၊ ဘဝတက္ကသိုလ် စသဖြင့် တင်စားကြတယ်ဆိုပေမဲ့ မတရားသဖြင့် အကျဉ်းကျရသူများအတွက်ကတော့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ငရဲခံကြရပါတယ်။ ကိုယ်တစ်သက်လုံး သတိကြီးကြီးထား ရှောင်ရှားလာခဲ့တဲ့၊ ကိုယ်မဖြစ်ချင်တဲ့ ဇာတ်ကောင်တစ်ကောင်အဖြစ် ကိုယ့်ကိုယ်ကိုမွေးမြူပြီး ရှင်သန်ရေးအတွက် မာန်သွင်းရပုံတွေဟာ သူတို့ရဲ့နဂိုစိတ်ကို ဆိုးဆိုးဝါးဝါးထိခိုက်စေပါတယ်။ မြန်မာနိုင်ငံအကျဉ်းထောင်စနစ်လိုမျိုး မတရားမှုကိုတွန်းလွန်သူတွေကို ဖိနှိပ်ကွပ်ညှပ်ဖို့ ရည်ရွယ်ချက်ရှိရှိ ယန္တရားတစ်ခုအဖြစ် အသုံးချရာနေရာတွေဆိုရင် အဝီစိရဲ့အောက်ထပ်လိုပါပဲ။ ဒါပေမဲ့ ဖိနှိပ်ခံတွေမှာလည်း တိုက်ပွဲပုံစံမျိုးစုံရှိပြန်တယ်။ ငရဲကိုအံတုတာပေါ့။ ဒီအပိုင်းဟာ အဲ့လိုအဖြစ်ပျက်တွေထဲက ပုံစံတစ်ခုကို တင်ဆက်ထားတာဖြစ်ပါတယ်။ အခုကြားကြရမှာ ၁၄၅/ ၅၀၅ ထောင်မှတ်စု အပိုင်း ၃ ဖြစ်ပါတယ်။ ဒီအစီအစဉ်က မြန်မာ့ထောင်တွင်း မတရားမှုတွေကို အနုပညာအားဖြင့် တစ်နည်း အသံအားဖြင့် မှတ်တမ်းတင်တဲ့ လူ့အဖွဲ့အစည်းရဲ့ နောက်ထပ်အားထုတ်မှုတစ်ခုလည်းဖြစ်ပါတယ်။ မိတ်ဆွေတို့ကြားဖူးနေကျ ထောင်ဇာတ်လမ်းများနဲ့ တူသလိုလိုကွဲပြားတဲ့ တူကွဲပြားဇာတ်လမ်းတစ်ခုဖြစ်မှာပါ။ ကွဲပြားဆို စာရေးသူကလည်း တမူထူးခြားတဲ့ ခံစားချဉ်းကပ်မှုရှိတာကိုး။ ကိုင်း အရေးအသား အပြောအဆို ကွက်တိနီးပါးကျတဲ့ MYP၊ မင်းခေါင်၊ BPN တို့ရဲ့ ရသပိုင်းဆိုင်ရာဖန်တီးထုတ်လုပ်မှုတစ်ပုဒ်ကို နားအရသာခံစားနိုင်ပါပြီ။ဇာတ်ညွှန်း - MYPဇာတ်ကြောင်းပြော - မင်းခေါင်Illustration by WoohProduced by Burma Podcast NetworkBurma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork -
EP002: ၂၀၂၁ ရဲ့မတ်လမှာ 24.01.2026 18分၁၄၅/၅၀၅ ထောင်မှတ်စုအပိုင်း ၂ - ၂၀၂၁ ရဲ့မတ်လမှာအဲ့ဒီနှစ်ရဲ့ အစောပိုင်းလတွေမှာ လူတွေဟာ လမ်းပေါ်မှာတရုန်းရုန်းနဲ့ ရာဘာကျည်ကနေ ဗုံးသီးတွေအထိ ကြံ့ကြံ့ခံခဲ့ကြတယ်။ တောင့်ခံနေရင်းနဲ့ ခုမြင် ခုပျောက် ဖြစ်သွားသူတွေ၊ ဘယ်တော့မှ ပြန်မဆုံတော့မယ့် အထိအတွေ့ အမူအရာတွေ၊ လွင့်စင်သွားတဲ့ ဘဝတွေများခဲ့တယ်။ ဒီဘဝတွေထဲမှာ စာရေးဆရာရဲ့ ဘဝခဏခဏ တွေထဲက ကိုယ်ပိုင်ဖြစ်တည်မှုတစ်ခုလည်း ပါသွားတယ်။ မတရားမှုကို ရှိသမျှအားနဲ့ ကန်ဖြိုရင်း အဖမ်းခံလိုက်ရတဲ့ ဘဝဖြစ်ရပ်တစ်ခု။ ၂၀၂၁ ရဲ့မတ်လမှာ သူ့ဘဝက သီချင်းစာသားတစ်ခုထဲကလိုမျိုး ရာဇဝင်ပြောင်းခဲ့ပြီပေါ့။ အနုပညာသမားတစ်ယောက်ရဲ့ အဖမ်းခံရတဲ့အခန်းနဲ့ စစ်ကြောရေးငရဲခန်းကအသံတွေကို အခုအပိုင်းမှာ အကြမ်း အတွေး များစွာနဲ့ ခံစားကြားသိကြရမှာဖြစ်ပါတယ်။ ဇာတ်ညွှန်း - MYPဇာတ်ကြောင်းပြော - မင်းခေါင်Illustration by WoohProduced by Burma Podcast NetworkBurma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork -
EP001: ထောင်ထဲကိုဝင်တဲ့ရေ 27.12.2025 14分၁၄၅/၅၀၅ ထောင်မှတ်စုမိတ်ဆွေတို့ကို အခု မျှဝေခွင့်ရတဲ့ ဒီစာစုတွေက ယေဘုယျအားဖြင့် ကျွန်တော့်ရဲ့ ထောင်အတွေ့အကြုံတွေလို့ ဆိုနိုင်တာပေါ့လေ။ တကယ်တော့ ထောင်အတွေ့အကြုံ ဆိုတာထက် ကျွန်တော့်ရဲ့ အတ္တနောမတိ အာရုံခံစားမှု အရေးအသားတွေဆိုရင် ပိုမှန်ပါလိမ့်မယ်။ ထောင်အတွေ့အကြုံဆိုတာ ဒီဖက်နှစ်တွေမှာတော့ မထူးဆန်းတော့တဲ့ ဇာတ်လမ်းတွေပဲလေ။ ကျွန်တော့်ထက် စုံလင်များပြား ရှုပ်ထွေးဆိုးရွားတဲ့ အတွေ့အကြုံတွေ ပိုပြောနိုင်မယ့် လူငယ်တွေအများကြီး ဒီနိုင်ငံမှာ ရှိနေခဲ့ပြီ။ ခေတ်စကားနဲ့ပြောရရင် အဲ့လောက်ကြီးကျ မပျော်တော့ဘူးပေါ့လေ။ ဒီနိုင်ငံမှာကိုက ထောင်နဲ့လူသား စာပေတွေဆိုတာ ပိုများနေသလားလို့ပါ။ ကိုလိုနီခေတ်စာပေတွေက စတင်ရရင် မဆလခေတ် နောက် ၈၈ အလွန်မျိုးဆက် နောက်ထပ် ဆယ်စုနှစ်တွေမှာလည်း ခံယူချက်အကျဉ်းသားတွေ နိုင်ကျဉ်းဟောင်းတွေရဲ့ ထောင်အတွေ့အကြုံ စာပေတွေက များသလား မမေးနဲ့ပဲ။ Category တစ်ခု ခွဲထားပေးရလောက်အောင်ပါပဲနော်။ အဲဒီ ကိုယ့်ရှေ့က နောင်တော်တွေရော ကိုယ့်နောက်က လူငယ်တွေရော စံမြန်းနေရတဲ့ မြန်မာနိုင်ငံက ထောင်တွေဆိုတာလည်း ကိုလိုနီခေတ်ကတည်းက စနစ်တွေနဲ့ လည်ပတ်ဆဲဆိုတော့ ထောင်တွင်းအတွေ့အကြုံဆိုတာ ဒီနိုင်ငံက စာဖတ်သူတွေအတွက် ဖန်တရာတေနေမလားပဲ။ ၂၀၁၅ ကနေ ၂၀၂၀ နှစ်တွေအတွင်းမှာ ရှေ့က ဆရာ ဆရာမတွေရဲ့ ထောင်မှတ်တမ်း ထောင်ဇာတ်လမ်းတွေ ဖတ်ရင်း တော်သေးတယ် ငါတော့ ဒီဘဝမှာတော့ နိုင်ကျဉ်းဘဝ မရောက်ဖူးလောက်တော့ဘူးလို့ တွေးနေရင်းနဲ့ပဲ ၂၀၂၁ လည်း ရောက်ရော ဘယ်တုန်းကမှ အမြစ်မပြတ်ခဲ့တဲ့ ညစ်ပတ်တဲ့ စစ်တပ်ရဲ့ တစ်ကျော့ပြန် စနစ်ဆိုးမှာ စာရေးသူတစ်ယောက်လည်း နိုင်ကျဉ်းစာရေးဆရာဘဝ ရောက်သွားရရှာတာပေါ့လေ။ ၂၀၂၁ ဖေဖော်ဝါရီ ပထမဆုံးလမ်းပေါ်ထွက်တဲ့ အဖွဲ့နဲ့အတူ ထွက်လိုက်ရာကနေ တစ်ရက်မပြတ်လှုပ်ရှားရင်း မတ်လထဲလည်း ရောက်ရော လူငယ်အယောက်သုံးဆယ်နဲ့အတူ ထောင်နန်းစံပါလေရော။ အခု မိတ်ဆွေတို့ကို မျှဝေမယ့် စာစုက ကျွန်တော် ထောင်ထဲမှာ ၁၈ လ စံမြန်းပြီးနောက် အိမ်ပြန်ရောက်တော့ ခေါင်းထဲ အစီအရီ ပေါ်လာတာတွေပေါ့လေ။ ဟိုးရှေးရှေးက ဆရာကြီးများလို ခုနှစ် နေ့ရက် အတိအကျ၊ အချက်အလက်အစုံအလင်နဲ့ ခန့်ခန့်ကြီး ရေးတာထက် ကျွန်တော့်နည်း ကျွန်တော့်ဟန်အတိုင်း ရေးမိရေးရာတွေပါပဲ။ အတွေ့အကြုံ ဆိုတာထက် စာရေးသူရဲ့ အာရုံခံစားမှုကို ပိုဦးစားပေးထားတဲ့ အတွေးအမြင်တွေပါပဲ။ ကဗျာရေးသက်ကလေးကလည်း ရလာတော့ စကားပြေထဲ ကဗျာဉာဉ်ကလေး ဝင်ဝင်လာပြီး ထောင်အတွေ့အကြုံကိုမှ နိမိတ်ပုံအလင်္ကာတွေနဲ့ ရေးမိတာတွေလည်း ပါတာပေါ့လေ။ ထောင်အတွေ့အကြုံပိုင်းမှာ ဘယ်လောက်ထိ ဆိုးဝါးတယ် ဘယ်လောက်ထိ ချောင်လည်တယ် ဆိုတာတွေထက် ကျွန်တော့် စာတစ်ပိုဒ်ချင်းစီမှာ Flash Fiction လို စာဖတ်သူတို့ကို ရသအတွေ့အကြုံလည်း ပိုရစေချင်တဲ့သဘောပါပဲ။ ထောင်အတွေ့အကြုံကတော့ ဒီဖက်နှစ်တွေမှာ ဘယ်လိုမှ ကောင်းမနေတာ မိတ်ဆွေတို့ကို အထူးပြောဖို့တောင် လိုမယ်မထင်ပါဘူးလေ။ ဟုတ်ကဲ့ ကျွန်တော့်ရဲ့ မှတ်တမ်းမကျ အက်ဆေးမကျ ထောင်အရေးအသားများကို ခံစားကြည့်ပါဦးခင်ဗျား။ MYP၂၀၂၅ ဒီဇင်ဘာBurma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork
人気の国
このポッドキャストはこれらの国のポッドキャストチャートにも登場します。